ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင် နှင့် စာအုပ်ပြပွဲကျင်းပ

ငဖဲ ဇွန် ၂၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန်ရည်ရွယ်၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-4 ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ယုယုသိန်းက မူးယစ်ဆေးဝါးဆိုသည်မှာ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့်ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် ငဖဲမြို့နယ်ပြည်သူ့စာကြည့်တိုက်မှ တိုင်းရင်းသားရိုးရာပုံပြင်များ၊ ရွှေသွေး၊ တေဇ၊ ပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များဖြင့် စာအုပ်ပြပွဲဆောင်ရွက်ပြီး လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် မှတ်တမ်းဓါတ်ပုံများ၊ ရုပ်ပြကာတွန်းများကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)