ဒေးဒရဲ ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယနေ့နံနက် (၁၁)နာရီက တော်ကမယ်ကျေးရွာ ပုပ္ပါရုံဘုန်းတော်ကြီးတိုက်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး မိုးမင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်များ၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း