ပေါင်းတည် ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ပညာသာမက ဘဝအတွက်လိုအပ်သော ဗဟုသုတများပါ တိုးပွားရေး ရည်ရွယ်ချက်ဖြင့် လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က (ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် အ.ထ.က(ပေါင်းတည်) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဗန်လာအဲငါက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍လည်းကောင်း မြို့နယ်ဥပဒေအရာရှိ ဦးရဲမင်းဝင်းက ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍လည်းကောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးဆုစံက မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍လည်းကောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလူငယ်များ လေ့လာဖတ်ရှုနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် စာအုပ်စာစောင်များနှင့် လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များအား ဟောပြောပွဲ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ ဆရာဆရာမများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)