ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ပန်းတနော် ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လူငယ်လူရွယ်များ စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာန (Community Centre) Meeting Room ခန်းမ၌ စာရေးဆရာမ ခင်စောတင့် ဘာသာပြန်ရေးသားသည့်  "ပျော်ရွှင်ကြရာဝယ်" စာအုပ်ဖြင့် ယနေ့ နံနက် ၁၀ နာရီက စာဖတ်ဝိုင်း‌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးစိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စာရေးဆရာမ ခင်စောတင့် ဘာသာပြန်ရေးသားသည့်  "ပျော်ရွှင်ကြရာဝယ်" စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် “မသင်ဘယ်ကိုသွားနေမှန်း မသိရင် ဒီမှာ လမ်းဆုံးပြီ၊ မိမိကိုယ်ကို တွေ့ရှိရန် ခရီးထွက်သွားလိုက်ပါ၊ လူသားသည် အမှားနှင့် မကင်းနိုင်၊ ယုံကြည်မှုက တောင်တွေကို ရွေ့နိုင်တယ်၊ ဘဝ၏ ကောင်းမွန်သော အရာများ” စသည့် အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြရာ စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူလေးများက မိမိတို့သိရှိလိုသည်များကို မေးမြန်းပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)