မြန်အောင် ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ပြည်သူများ၏ စားဝတ်နေရေးအတွက် အဓိကကျသော ဆန်၊ စားသုံးဆီနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် မြန်အောင်ခရိုင်/မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြန်အောင်မြို့နယ်ဆန်စက်လုပ် ငန်းရှင်များအသင်းမှ ပခန်းဆန်တစ်ပြည် (၃၀၀၀) ကျပ်နှုန်းဖြင့် ယနေ့နံနက်က မြန်အောင်ပြည်သူရင်ပြင်ရှေ့တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ပခန်းဆန်တစ်ပြည် (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးနေမှုအား မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းမင်းစိုး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်တို့က ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးတို့က မြို့နယ်အတွင်း ဆန်ရောင်းချပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက အငြိမ်းစားဝန်ထမ်းများပင်စင်ထုတ်ရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျင် စားသုံးဆီ ၅၀ ကျပ်သားကို သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများ၏ စားဝတ်နေရေးအတွက် အဓိကကျသောဆန်ကို သက်သာသောစျေးနှုန်းဖြင့် လိုအပ်သလိုဝယ်ယူန်ိုင်ရန် မြန်အောင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် နေ့စဉ်နံနက် ၉ နာရီမှညနေ ၅ နာရီအထိ ပခန်းဆန်တစ်ပြည် ၃၀၀၀ ကျပ်နှုန်းဖြင့် မည်သူမဆို လာရောက်ဝယ်ယူနိုင်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ သတ်မှတ်ပေးထားသောဆန်စက်များတွင်လည်း ဆန်တစ်ပြည် (၃၀၀၀) ကျပ်နှုန်းဖြင့် မည်သူမဆို လိုသလောက်ဝယ်ယူစားသုံးနိုင်ရန် စီမံဆောင်ရွက်ပေးထားကြောင်း မြန်အောင်မြို့နယ်ဆန်စက်လုပ် ငန်းရှင်များအသင်းမှသိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)