ဒေးဒရဲ ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်သည် ယနေ့နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဝင်များနှင့်တွေ့ဆုံ၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ပြည်သူများလုံခြုံအေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမြင့်နိုင်က မြို့နယ်အတွင်းသို့ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး၊ အခြေခံစားသောက်ကုန်များ စျေးနှုန်းကြီးမြင့်စွာ ရောင်းချမှုမရှိစေရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားရန်၊ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးရာသီတွင် တစ်ဧကစပါး (၁၀) တင်းနှုန်းပိုမိုထွက်ရှိရေးအတွက် စိုက်ချိန်ပြောင်းလဲခြင်း၊ စိုက်နည်းပြောင်းလဲခြင်း၊ မျိုးကောင်းမျိုးသန့်စပါး ရွေးချယ်စိုက်ပျိုးခြင်း၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အချိုးကျသုံးစွဲခြင်းစသည့် စိုက်ပျိုးနည်းပညာများကို တောင်သူများထံကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ မြို့ပေါ်ရပ်ကွက်များ သန့်ရှင်းသာယာရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ပြည်သူများ လုံခြုံအေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည့် ကဏ္ဍအလိုက်တင်ပြလာမှုများအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း