ချောင်းဆုံ ဇွန် ၂၄
မွန်ပြည်နယ်ချောင်းဆုံမြို့နယ်၌ ရာသီအလိုက်သီးနှံမျိုးစုံစိုက်ပျိုးကြသည့် အကျိုးဆောင်တောင်သူများအနေဖြင့် ဒေသတွင်းဝမ်းစာစပါးဖူလုံစေရန်နှင့် မိသားစုဝင်ငွေ ပိုမိုရရှိရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက (၆၅၂၄၂) ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ မိုးသီးနှံစတင်စိုက်ပျိုးချိန်မှ ဇွန်လ (၂၄) ရက်နေ့အတွင်း မိုးစပါး (၂၆၂၈၈) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအနေဖြင့် အထွက်နှုန်းတိုးများစေရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများအသုံးပြု၍ စိုက်ပျိုးရေးနည်းပညာများ၊ မြေဩဇာသုံးစွဲမှုစနစ် မှန်ကန်စေရေး၊ စပါးဖျက်ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ်ရေးစသည့် ပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် မိုးစပါးစိုက်ပျိုးနိုင်မှု လျာထားချက်ပြည့်မီကျော်လွန်စေရေး တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော် (ချောင်းဆုံ)