ကော့သောင်း ဇွန် ၂၄
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်၏ တန်ဖိုးကို အလေးထားနားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ အရိပ်အာဝါသနှင့် မျက်စိပသာဒရှိစေရန်၊ ရာသီဥတုကောင်းမွန်မျှတ၍ အပူဒဏ်ကာကွယ်ရန်ရည်ရွယ်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီခွဲခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အမှတ်(၃၄၂) ခြေမြန်တပ်ရင်းအတွင်း ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ NGO အဖွဲ့များ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက ပျိုးပင်များဖြန့်ဝေပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက သတ်မှတ်ထားသည့်နေရာများတွင် သစ်ပင်များအား တက်ရောက်လာကြသူများနှင့်အတူ တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့မှ သစ်ပင်စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက လေကာတန်းအုန်းပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင်(၁)ပင်၊ ကံ့ကော်(၁)ပင်၊ သင်္ကန်း(၁)ပင်၊ မဟော်ဂနီ(၂၀၀)ပင်၊ ပျဉ်းကတိုး (၁၆၀)ပင်၊ မန်ဂျန်ရှား (၃၆၀)ပင် သစ်ပင်ပေါင်း (၇၂၃)ပင်နှင့် လေကာတန်းအုန်းပင်(၄၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)