ဘိုကလေး ဇွန် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ယနေ့နံနက်(၁၁)နာရီအချိန်က တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး တွေ့ဆုံပွဲအခမ်းအနား ကျင်းပဆောင်ရွက်သည်။
အဆိုပါအခမ်းအနားသို့ ဖျာပုံခရိုင် ပညာရေးမှူး၊ ဒေါ်အေးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဘိုကလေးမြိုနယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အထက်တန်း(ခွဲ)ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ အထက်တန်းပြဆရာ/များ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းက တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဆရာ/မများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များအား ဖိတ်ကြားဆွေးနွေး ပူးပေါင်းလုပ်ဆောင်ကြရန်၊ ရည်မှန်းချက်တစ်ခုပြည့်စုံရန်အတွက် ပူးပေါင်းဆောင်ရွက်မှုကိုပြုကြရန်နှင့် ဆရာ/များသည် ကျောင်သား/သူများ၏ အနာဂတ်ဘဝလှပသာယာရေးအတွက် ပဲ့ကိုင်ရှင်များဖြစ်သည့်အလျောက် ကျောင်းသား/သူများ အောင်ချက်မြင့်မားရေးအတွက် ဦးစီးဦးဆောင် အားတက်သရောဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်ပညာရေးမှူး၊ ဒေါ်အေးမြင့်က တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ယခုစာသင်နှစ်အစကတည်းက အားလုံးပူးပေါင်း၍ စွမ်းစွမ်းတမံဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အောင်ချက်မြင့်မားရေးသည် ပညာရေးဌာန၏ အဓိကရည်ရွယ်ချက်ဖြစ်သည့်နည်းတူ ယခုစာသင်နှစ်တွင် အချိန်ပိုများ၊ ညစာသင်ဝိုင်းများ ထည့်သွင်းဆောင်ရွက်ရန်စီစဉ်ထားရှိကြောင်း၊ ရည်မှန်းချက်ပြည့်မှီရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိမိတို့ရည်မှန်းချက်ပြည့်မှီရန် မိမိတို့ကျောင်းအတွက် အကျိုးပြုနိုင်မည့်၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြမည့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် မိဘဆရာအသင်းအဖွဲ့များကိုလည်း ကျောင်းများအနေဖြင့် ခိုင်မာစွာဖွဲ့စည်းဆောင်ရွက်ကြရန်မှာကြားပြီး အခမ်းအနားတက်ရောက်လာသော ကျောင်းအုပ်ကြီးများ၊ ဆရာ/များနှင့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် လိုအပ်သည်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)