စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

သထုံ ဇွန် ၂၄

မွန်ပြည်နယ်၊ သထုံမြို့တွင် ကျင်းပပြုလုပ်မည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် သထုံပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်နှင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်ချက်များ၊ ကြိုတင်ဆောင်ရွက်ထားရမည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာများအသင်းနှင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က မိမိတို့ကော်မတီအလိုက်‌ ဆောင်ရွက်ကြရမည့်လုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့်လုပ်ငန်းများနှင့် လိုအပ်ချက်များ၊ ပေါင်းစပ်ဆောင်ရွက်ရမည့်လုပ်ငန်းများတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

သထုံမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ သထုံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)