ကျိုက်လတ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုက်လတ် ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာတို့ကို ဟောပြောခဲ့သည်။ ထို့နောက် “မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း သိကောင်းစရာ” အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြပြီး “အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်”အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့် “သတင်းစကား” လက်ကမ်းစာစောင်များကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ “အသိပညာပေးဟောပြောပွဲ”သို့ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီနိုင်၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်