ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ဈေးရောင်းဈေးဝယ်ပြည်သူများကို ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး

ပွင့်ဖြူ ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပလတ်စတစ်ပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ကြုံတွေ့ရမည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအန္တရာယ် လျော့နည်းစေရေးအတွက် ဈေးရောင်းဈေးဝယ်ပြည်သူများ သိရှိစေရန် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီ ကော်မတီအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဈေးကော်မတီဝင်များနှင့် ပူးပေါင်းပြီး ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ  ဈေးရောင်းဈေးဝယ်ပြည်သူများကို တွေ့ဆုံကာ ဈေးရောင်းချရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို ဆိုးကျိုးဖြစ်စေသည့် ပလတ်စတစ်ပစ္စည်းများကို သုံးစွဲခြင်းမပြုရန်နှင့် ပလတ်စတစ်အစားထိုးပစ္စည်းများဖြစ်သည့် ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူတို့ဖြင့်သာ ထုပ်ပိုးရောင်းချသွားကြရန်၊ ပြည်သူများ အစားအစာဘေးကင်းလုံခြုံရေးအတွက် သန့်ရှင်းလတ်ဆတ်သော အသား/ငါး၊ အသီးအရွက်နှင့် စားကုန်ပစ္စည်းများကို စနစ်တကျရောင်းချကြရန်နှင့် ဈေးဆိုင်ခန်းများဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ဈေးရောင်းဈေးဝယ် ပြည်သူများကို သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးပြီး ပလတ်စတစ်ပစ္စည်းလျှော့ချနိုင်ရေးအတွက် ဈေးရောင်းချရာတွင် ပလတ်စတစ်ပစ္စည်း အစားထိုးအသုံးပြုနိုင်ရန် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး ဈေးဝန်းကျင်သန့်ရှင်းရေး၊ ဈေးအတွင်းရှိ အများသုံးသန့်စင်ခန်းများ သန့်ရှင်းသပ်ရပ်စေရေးနှင့် ရေလုံလောက်မှု ရှိ/မရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)