ဂန့်ဂေါမြို့နယ်တွင် အသက်(၆)လမှ (၅)နှစ်အောက်ကလေးများအား Vitamin A နှင့် သန်ချဆေး (Albendazole) များ တိုက်ကျွေးပေး

ဂန့်ဂေါ ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်အတွင်းရှိ အသက်(၆)လမှ (၅)နှစ်အောက်ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဖြစ်သည့် Vitamin A နှင့် သန်ချဆေး (Albendazole)များ တိုက်ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်မှ စတင်၍ စုရပ်ဖြစ်သည့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများတိုက်ကျွေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးစန်းဝင်း ဦးဆောင်၍ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက်(၆)လမှ(၁၁)လကြား ကလေးငယ်များကို Vitamin A (၁)သိန်းအား၊  အသက်(၂)နှစ်မှ (၅)နှစ်ကြား ကလေးငယ်များကို Vitamin A (၂)သိန်းအားနှင့် သန်ချဆေး(Albendazole)များတိုက်ကျွေးကာ အသက်(၆)လအောက်ကလေးငယ်များအတွက် မိခင်ကို Vitamin A (၂)သိန်းအားများ တိုက်ကျွေးခြင်းတို့ကို  ဆောင်ရွက်ပေးခဲ့ကြသည်။    

ဂန့်ဂေါမြို့နယ်အတွင်းရှိ ကာကွယ်ဆေးမတိုက်ကျွေးရသေးသည့် ကလေးငယ်များအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် စုရပ်(၂)နေရာခွဲ၍ ဇွန်လ(၂၄)ရက်နေ့မှ (၂၅)ရက်နေ့အထိ နံနက်(၈)နာရီမှ ညနေ(၄)နာရီထိ ကာကွယ်ဆေးများ တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)