ပုသိမ် ဇွန် ၂၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ အားကစားခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူးများ)နှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား စစ်ကြောင်းမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုခဲ့ကြပြီးနောက် ဝန်ကြီးချုပ်က “တက္ကသိုလ်ကြီးသည် ဘာသာရပ်အသီးသီးအား လေ့လာဆည်းပူးရာနေရာလည်းဖြစ်သကဲ့သို့ နိုင်ငံ့လက်ရွေးစင်အားကစားသမားကောင်းများ မွေးထုတ်ရာနေရာလည်းဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲမှ အားကစားသမားများကို ရွေးချယ်လေ့ကျင့်ကာ တက္ကသိုလ်ပေါင်းစုံ ဇုန်အလိုက်အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက်လည်း ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့် ကြိုးစားပမ်းစားယှဉ်ပြိုင်သွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
ထို့နောက် စစ်ကြောင်းမှူးက ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ကြပြီးကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမျိုးသားဘော်လီဘောပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ပထဝီဝင်ဘာသာရပ်အသင်းနှင့် ဓာတုဗေဒဘာသာရပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ပုသိမ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲကို ယခုလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသားအသင်း(၅)သင်း၊ အမျိုးသမီးအသင်း(၅)သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)