ကံမမြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များအခမဲ့ဖြန့်ဝေ

ကံမ ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်ကြွပ်ကြွပ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၇)နာရီက အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆောင်ရွက်ခြင်းကိုမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့မှဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ထိုသို့ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးပြုလုပ်ခြင်းကို အပတ်စဉ်တနင်္လာနေ့တိုင်းပြုလုပ်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရသည်။

ကျော်ဇေယျဝင်း(ကံမ)