ဟင်္သာတမြို့နယ်၌ သနွံသနော့-မြေခြား ကိုယ်ထူကိုယ်ထချောင်းကူးတံတားဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟင်္သာတ ဇွန်လ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ သနွံသနော့အုပ်စု၊ သနွံသနော့ကျေးရွာနှင့် နတ်မော်အုပ်စု၊ မြေခြားကျေးရွာကြားတွင် နတ်မော်ချောင်းအားဖြတ်သန်း၍ သနွံသနော့-မြေခြား ကိုယ်ထူကိုယ်ထချောင်းကူးတံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါတံတားသစ်မုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းအောင်၊ အတွင်းရေးမှူး ဒုရဲမှူးကြီး ကျော်မြသန်း၊ ဟင်္သာတမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်စွာထွန်း၊ ဟင်္သာတမြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုသိန်းဇော်လင်း၊ ရပ်ကွက်/ကျေးရွာ အုပ်စုတို့မှ အုပ်ချုပ်ရေးမှူး များ၊  ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါတံတားသစ် ဖွင့်ပွဲအခမ်းအနားတွင် သနွံသနော့ကျေးရွာရှိ မဟာနန္ဒာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဥူးနန္ဒောဘာသ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းအောင်တို့မှ သနွံသနော့-မြေခြား ကိုယ်ထူကိုယ်ထ ချောင်းကူးသစ်သားတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီးနောက် တက်ရောက် လာကြ သူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ယခုဖွင့်လှစ်ခဲ့သော သနွံသနော့-မြေခြားကိုယ်ထူကိုယ်ထချောင်းကူးသစ်သားတံတားအား ၁၇.၅.၂၀၂၄ ရက်နေ့တွင် ကျေးရွာနေပြည်သူများမှ စုပေါင်းမတည်ငွေကျပ်သိန်း(၉၀)ဖြင့် စတင်ဆောက်လုပ်ခဲ့ရာ စေတနာရှင် အလှူရှင်များမှ ထပ်မံထည့်ဝင်လှူဒါန်းငွေများဖြင့် တံတားအားဆောက်လုပ်ပြီးစီးသည်အထိ စုစုပေါင်း ငွေကျပ်သိန်း(၄၀၀)ခန့် ကုန်ကျခဲ့ကြောင်းနှင့်၂၂.၆.၂၀၂၄ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး ပတ်ဝန်းကျင်ကျေးရွာနေပြည်သူများ၏ ကျန်းမာရေး၊ လူမူရေး၊ ပညာရေးနှင့် ဒေသထွက်ကုန်များကို လိုရာခရီးသို့ အမြန်ပေးပိုနိုင်မည်ဖြစ်ကာ ကျေးလက်နေပြည်သူများ၏ လူမူစည်းပွားဘဝများ အမြန်ဖွံ့ဖြိုးတိုးတက်လာမည်ကြောင်းသိရှိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)