ပခုက္ကူ ဇွန် ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမှတ်(၁၇)ယာဥ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် အောင်ဒင်က ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဥပဒေပုဒ်မအကြောင်း အရာများ၊ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့်ရရှိလာသည့်ဆိုးကျိုးများ၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများ လိုက်နာရမည့် အကြောင်းအရာများ၊ ယာဥ်တိုက်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်မှ ရဲအုပ်ဝင်းလှိုင်က လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ လူကုန်ကူးခံရနိုင်သည့် အခြေအနေနှင့် အကြောင်းအရင်းများ၊ လူကုန်ကူးသူများ အသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူး မှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုမဖြစ်စေရန် ကြိုတင်ကာကွယ်စောင့် ရှောက်ပေးရမည့် နည်းလမ်းများအကြောင်းကို အသိပညာ ပေးရှင်းလင်းဟော ပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဆန်းလင်း၊နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/ ကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး နှင့်ဆရာမများ၊အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း သင်တန်းသူများ တက်ရောက်ကြပြီး ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
တက်လူ (ယောဧရာ)