ဖျာပုံ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ဦးစီးကျင်းပသော မြို့နယ်အဆင့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ဖျာပုံမြို့ အထက- ၁ ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ မြို့နယ်အဆင့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေး ဆွေးနွေးပွဲ ကျင်းပရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး ဖျာပုံခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးမြင့်က ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အောင်ချက်မြင့်မားရေး ဆိုင်ရာ လုပ်ဆောင်ရမည့် လုပ်ငန်းများအား အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာန လက်အောက်ရှိအထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရသည့် အကြောင်းအရင်းများနှင့် အောင်ချက်နည်းရသည့်အကြောင်း အရင်းများ၏ သုံးသပ်ချက်များနှင့် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်မည့် အစီအစဥ်များအား အသေးစိတ်ဆွေးနွေး တင်ပြကြရာ၊ ခရိုင်ပညာရေးမှူး ဆရာမကြီးမှ ဖြည့်စွက်ဆွေးနွေးပြောကြားသည်။ အဆိုပါဆွေးနွေးပွဲသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖျာပုံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ ဖျာပုံခရိုင် ပညာရေးမှူး ဆရာမကြီးနှင့် ဝန်ထမ်းများ၊ ဖျာပုံ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ ၊မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ စုစုပေါင်း(၁၅၀)ဦး ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)