ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၄ ခုနှစ်၊ (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ဂျူတီကုတ်နှင့် ဦးဆောင်အပ်နှင်းခြင်းအခမ်းအနားများအား တက်ရောက်

ပုသိမ် ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၄ ခုနှစ်၊ (ဒုတိယအကြိမ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယမန်နေ့နံနက်ပိုင်းက မြောင်းမြမြို့၊ မြစိမ်းရောင်သာသနာ့နယ်မြေတွင် ကျင်းပခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊  အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။

ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် နိုင်ငံပိုင်စိုက်ခင်းများအနေဖြင့် စီးပွားရေးစိုက်ခင်း (၂၃၀၀)ဧက၊ ဒီရေတောစိုက်ခင်း (၁၄၀၀)ဧက၊ စက်မှုကုန်ကြမ်းစိုက်ခင်း (၂၀၀)ဧက၊ ကျေးရွာထင်းစိုက်ခင်း (၆၅၀)ဧက၊ စုစုပေါင်း (၄၅၅၀)ဧက တည်ထောင်စိုက်ပျိုးလျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၂၄ ခုနှစ် မိုးရာသီတွင် ခရိုင်၊ မြို့နယ်အသီးသီးတွင် လူထုဖြန့်ပျိုးပင် (၁၄)သိန်း (၈)သောင်း (၇)ထောင်ကျော် ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ယခုနှစ်မိုးရာသီအတွင်း သစ်ပင်စိုက်ပျိုးပွဲ (၃၈)ပွဲ၊ အပင်(၂၄၃၇၀)ပင် စိုက်ပျိုးသွားမည်ဖြစ်ပြီး ယမန်နေ့အထိ သစ်ပင်စိုက်ပျိုးပွဲ (၂၉) ပွဲ၊ (၁၉၀၀၂) ပင် စိုက်ပျိုးထားပြီးဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေဘေး၊ လေဘေး၊ မုန်တိုင်းဘေးကြုံတွေ့ရသည့် တိုင်းဒေသကြီးဖြစ်ရာ နှစ်စဉ်နှစ်တိုင်း ဒီရေတောများ အပါအဝင် သစ်တောသစ်ပင်များကို စိုက်ပျိုးခဲ့ကြပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်သစ်တောစိုက်ခင်းများရေရှည်တည်တံ့ရေး၊ ပင်လယ်ကမ်းရိုးတန်း ဒီရေတောများဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာပြီး စိမ်းလန်းစိုပြည်လှပစေရေး၊ သဘာဝဘေးအန္တရာယ်များ ကာကွယ်တားဆီးရေးတို့အတွက် သစ်တောများ စိုက်ပျိုးပြုစုထိန်းသိမ်းရေး၊ စိုက်ပျိုးပြီးအပင်များ ရှင်သန်အောင်မြင်ဖြစ်ထွန်းရေး အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်" တိုက်တွန်းအမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တာဝန်ရှိသူများထံသို့ ပျိုးပင်များကို ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်၍   ဌာနဆိုင်ရာများ၊  လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပါဝင်သောအင်အား (၆၅၀)ဦးက ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မျောက်ငို၊ မန်ဂျန်ရှား၊ ကံ့ကော်၊ ခရေ၊ မယ်ဇယ်  အစရှိသည့် ပျိုးပင်ပေါင်း (၁၂၀၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီးတို့က ရိုဘက်စတာ မြေနိမ့်ကော်ဖီပျိုးပင်များအား တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ သူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက အခမ်းအနားအား “ကရုဏာအလင်း” သီချင်းဖြင့်သီဆိုဂုဏ်ပြုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ပထမနှစ်(Semester 1) ဖြေဆိုအောင်မြင်၍ သူနာပြုသင်တန်းသား၊ သင်တန်းသူများကို သူနာပြုအဆောင်အယောင် ဂျူတီကုတ်နှင့် ဦးဆောင်များ အပ်နှင်းပွဲဖြစ်ပါကြောင်း၊  ပြည်သူလူထုကိုအရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် သူနာပြုများသည် အလွန်အရေးပါသည့်အခန်းကဏ္ဍတွင်ပါဝင်နေပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ သူနာပြုသင်တန်းကျောင်း (၃)ကျောင်းတွင် သူနာပြုအတတ်ပညာများ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပြီး သင်တန်းဆင်း သူနာပြု ဆရာ၊ ဆရာမများသည် ယခုအချိန်တွင် နေရာဒေသသီးသီးတွင် တာဝန်ကျေပွန်စွာဖြင့် ပြည်သူ့ အကျိုးကိုထမ်းဆောင်နေကြပြီဖြစ်ပါကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းများပြီးဆုံးပါက မိမိတို့တာတန်ကျရာဆေးရုံများနှင့် နေရာဒေသအသီးသီးသို့ တာဝန်များဝင်ရောက်ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသားများကို စဉ်ဆက်မပြတ်မွေးထုတ်၍ ပြည်သူတို့၏ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးသည့်အခါမှာလည်း နေရာဒေသမရွေးကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း”တိုက်တွန်းအမှာစကားများပြောကြားသည်။

ဆက်လက်၍ မြောင်းမြမြို့ သူနာပြုသင်တန်းကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ Happy ဖူဆယ်အားကစားကွင်းတွင်ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ ဖူဆယ်ဘောလုံးအားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ ခရိုင်တစ်ခုနှင့်တစ်ခု အပြန်အလှန်ပူးပေါင်း ဆောင်ရွက်လာနိုင်စေရေးအစရှိသည့် ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ဖူဆယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီးကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ်သောကြောင့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသမားကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန် ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ရှစ်ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကိုဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က ခရိုင်(၈)ခရိုင်မှ ပြိုင်ပွဲဝင်အသင်းများအားနှုတ်ဆက်အားပေးကာ  ဖူဆယ်ဘောလုံးများနှင့် ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ် ကျုံပျော်ခရိုင်အသင်းနှင့် မအူပင်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

မြောင်းမြမြို့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၊ မြကျွန်းရွှေဝါခန်းမတွင် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်ရာ အခမ်းအနားသို့  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ တိုင်းဒေသကြီး၏ တိုင်းဒေသကြီး၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် အားထားရမည့် အလယ်အလတ်အဆင့်ပညာရှင်များကို မွေးထုတ်ပေးနိုင်သည့် နေတစ်နေ့ဖြစ်သည့်အတွက် မင်္ဂလာရှိသည့်နေ့တစ်နေ့ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့စိုက်ပျိုးရေးဒီပလိုမာဘွဲ့လက်မှတ်အပ်နှင်းခြင်းခံရသည့် မောင်မယ်များအနေဖြင့် မိမိတို့ သင်ကြားတတ်မြောက်ထားသည့် ခေတ်မီစိုက်ပျိုးရေး နည်းပညာရပ်များကို ပြန်လည်ဆင့်ပွားပညာပေးပြီး တောင်သူလယ်သမားများ၏ ဝင်ငွေတိုးတက်စေရေးနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အားသွန်ခွန်စိုက် လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း၊ တိုင်းဒေသကြီးတွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေးအတွက် ပညာရှင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံးကတက်ညီလက်ညီပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များအား စဉ်ဆက်မပြက်လေ့လာ၍ နိုင်ငံတော်နှင့်တောင်သူကြီးများ အားထားရသော စိုက်ပျိုးရေးအလယ်အလတ်ပညာရှင်များဖြစ်လာစေရေး ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများပြောကြားသည်။ ယင်းနောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက အမှာစကားများပြောကြားရာတွင် မောင်တို့မယ်တို့သည် စိုက်ပျိုးရေးပညာကို (၃)နှစ်တိုင်တိုင် စာတွေ့၊ လက်တွေ့သင်ယူကြိုးစားခဲ့ကြ၍ ဒီပလိုမာလက်မှတ်များကို ရရှိပြီဖြစ်ပါသဖြင့် မောင်တို့မယ်တို့အတွက် ဂုဏ်ယူပါကြောင်း၊ မောင်တို့မယ်တို့ထဲမှ အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာမည့် သူများလည်းရှိပါကြောင်း၊ အလုပ်ခွင်သို့ဝင်ရောက်မည့် သူများအနေဖြင့် ကျောင်းမှသင်ကြားပေးလိုက်သည့် အတတ်ပညာများကို အခြေခံ၍ အသစ်အသစ်သောနည်းပညာများကို ဆက်လက်လေ့လာဆည်းပူးကာ တောင်သူများ၏ စိုက်ပျိုးသီးနှံများအထွက်တိုးပြီး ဝင်ငွေတိုးကာ လူနေမှုဘဝများမြင့်မားစေရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်သွားကြစေလိုကြောင်း" ပြောကြားသည်။

ထို့နောက် ပထနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်မှ ပညာရည်ချွန်ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က  ဆုများချီးမြှင့်ခဲ့ကြပြီး စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းခြင်းခံရသည့် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကြာဖူးငုံလက်ပံကျေးရွာရှိ တောင်သူ ဦးမြင့်သန်း၏ စိုက်ဧက(၁၅)တွင် အမှတ်(၃၈)စက်မှုလယ်ယာစခန်း(မြောင်းမြ)မှ ကောက်စိုက်စက်များ၊ မျိုးစေ့ချကိရိယာများဖြင့် မိုးစပါးစိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်၍ မိုးစပါးစိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး တောင်သူများထံသို့ မျိုးကောင်းမျိုးသန့် မျိုးစေ့များပေးအပ်ခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)