သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ရွှေနီအောင်သိန်း ဖောင်ဒေးရှင်း၏ (၂၁)ကြိမ်မြောက် မူလတန်းပညာရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

သရက် ဇွန် ၂၃

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊  ရွှေနီအောင်သိန်းဖောင်ဒေးရှင်း၏ (၂၁)ကြိမ်မြောက် မူလတန်းပညာရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်း အနားကို ယနေ့ နံနက်(၉)နာရီက ရုံးရပ်မူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်ဦးက ပညာရေးလမ်းညွှန် အမှာစကား ပြောကြားပေးခဲ့သည်။

ထို့နောက် ရွှေနီအောင်သိန်း ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးစန်းအောင်က ရွှေနီအောင်သိန်း ဖောင်ဒေးရှင်း သရက်မြို့နယ် ၊ မူလတန်း ပညာသင်စရိတ် ထောက်ပံ့ရေး အစီအစဉ်၏ အဓိက ရည်ရွယ်ချက်မှာ သရက်မြို့နယ် မူလတန်းကျောင်းဝင်နှုန်း မြင့်မားလာစေရန် ၊ ကျောင်းသားတိုင်း ကျောင်းနေမြဲပြီး (KG+5) ပညာပြီးဆုံးသည်အထိ သင်ယူခွင့်ရရှိစေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား/ ကျောင်းသူများအဖြစ် လေ့ကျင့်ပြုစုပျိုးထောင်ရာတွင် ပံ့ပိုးကူညီရန် ၊ သရက်မြို့နယ်၏ ပညာရေး ပုံရိပ် ပိုမိုတင့်တယ်လာစေရန်နှင့် ပညာရေးဌာန၏ လုပ်ငန်းများကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေရန်တို့ ပြောကြားပေးခဲ့သည်။ ယင်းနောက် ပညာအလင်းရောင် တိုးမြှင့်ထွန်းညှိရေး ပရဟိတအဖွဲ့က ချီးမြှင့်သည့် အထက်တန်းဆင့် ပညာသင်ဆုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးလှမြင့်က ပေးအပ်ရာ ဆုရကျောင်းသူလေးက လကခံပေးခဲ့ပြီး ရွှေနီအောင်သိန်းဖောင်ဒေးရှင်းက ချီးမြှင့်သော ဗလာစာအုပ်(၁) ဒါဇင်ခွဲနှင့် ခဲတံ(၁ ဒါဇင်ခွဲ)၊ ပေတံ(၁)ချောင်း၊ ကွန်ပါဘူး (၁) ဘူးစီတို့အား အခြေခံမူလတန်းကျောင်း (၁၇) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၉၀)ဦးတို့အားခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ရာ ကျောင်းသား/ကျောင်းသူ (၉၀) ဦးတို့မှ လက်ခံပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)