ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျိန္တလီ ဇွန် ၂၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအနေဖြင့် ကျိန္တလီမြို့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၃)ရပ်ကွက်၊ နှင်းဆီလမ်းရှိ လူနေအိမ်များသို့ သွားရောက်ခဲ့ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက အမှတ်(၃)ရပ်ကွက်၊ နှင်းဆီလမ်းရှိ လူနေအိမ်များ၌ထားရှိသော ရေစည်ပိုင်းများ၊ ရေကန်များ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သောနေရာများသို့ ပိုးလောက်လန်းသေစေသည့် အဘိတ်ဆေးများခတ်ပေးခြင်းနှင့် နေအိမ်များရှိ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ပေးပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိန္တလီမြို့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများထံ မိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို ဇွန်လ (၂၃)ရက်နေ့မှ စတင်၍ လှည့်လည်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိန္တလီ(ပြန်/ဆက်)