မင်းလှမြို့တွင် ဓမ္မစကူးလ်ကျောင်းတော်အတန်းပြီးဆုံးခြင်း အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနား ပြုလုပ်

မင်းလှ ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဇေယျာမဂ္ဂဘုန်းတော်ကြီးကျောင်းတိုက်၌  ဓမ္မစကူးလ်ကျောင်းတော်အတန်းပြီးဆုံးခြင်း အောင်လက်မှတ်ပေးအပ်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခြင်းကို  ယနေ့နံနက် ၈ နာရီချိန်က ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ဇေယျာမဂ္ဂဘုန်းတော်ကြီး ကျောင်းတိုက်ဆရာတော် ဦးပညာဇောတနှင့် မဟာစည်သာသနာ့ရိပ် ကျောင်းတိုက်ဆရာတော် ဦးဣန္ဒောဘာသတို့က ဩဝါဒစကားများ ပြောကြားသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်က ဓမ္မစကူးလ်‌ကျောင်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားများပြောကြားပြီး၊ သုတစုံလင်ဗုဒ္ဓဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား/သူများကို ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် အမှတ်(၀၀၃)ဇေယျာမဂ္ဂဓမ္မစကူးလ်‌ ကျောင်းတိုက်ဆရာတော်နှင့် တာဝန်ရှိသူများက ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ဓမ္မစကူးလ်‌ကျောင်းတွင် သင်ကြားပေးသည့် ဆရာဆရာမများကို ဂုဏ်ပြုမှတ်တမ်းလွှာများ‌ ပေးအပ်ခြင်းနှင့် ဘက်စုံထူးချွန်ဆု၊ ဉာဏ်ရည်ထက်မြတ်ဆု၊ ရက်မပျက်ဆုရရှိသည့် ကျောင်းသား/သူများကို ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ ဓမ္မစကူးလ်‌ကျောင်းဖွင့်လှစ်သင်ကြားခြင်းကို အမှတ် (၀၀၃)ဇေယျာမဂ္ဂ ဓမ္မစကူးလ်‌ ကျောင်းတိုက်ဆရာတော် ဦးပညာဇောတဦးဆောင်၍ ဓမ္မစကူးလ်‌ဆရာဆရာမ(၉)ဦးတို့က အပတ်စဉ်တနင်္ဂနွေနေ့တိုင်း နံနက် ၈ နာရီမှ ၁၁ နာရီခွဲချိန်ထိ သင်ကြားပေးမည်ဖြစ်ကြောင်း၊ KG တန်းမှ Grade-7 တန်းထိ ‌ကလေးငယ် (၁၂၀)ဦးခန့် တတ်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)