မြောင်းမြမြို့ ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ဓမ္မစကူးလ်ကျောင်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မြောင်းမြ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြို့နယ်ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသည့် ဓမ္မစကူးလ်ကျောင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၊ နည်းပြချုပ် ဆရာမကြီး  ဒေါ်လေးခက်မှ ဓမ္မစကူးလ်ကျောင်းအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်ဇနီး ဒေါ်ကြည်ကြည်ထွန်းက ဝမ်းမြောက်စကားပြောကြားခဲ့ပြီး၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။ ထို့နောက် ဓမ္မစကူးလ်ကျောင်း သား၊ ကျောင်းသူများအား အဟာရဒါနအဖြစ် ပေါင်မုန့်နှင့် ကော်ဖီများ ကျွေးမွေးခဲ့ကြောင်းသိရသည်။

အဆိုပါဓမ္မစကူးလ်ကျောင်းကို မြောင်းမြမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၀) ဦးတို့အား အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)