သံဖြူဇရပ် ဇွန် ၂၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေ၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အဘိတ်ဆေးခပ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ခြင်းကို သွေလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေနိုင်သည့် ခြင်များ ပေါက်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောင်ကုသိုလ်ရပ်ကွက်၊ ကြံ့ခိုင်ရေး ရပ်ကွက်နေ မိသားစုများအား ခြင်ပေါက်ပွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေကန်များ အတွင်းအဘိတ်ဆေးခပ်ခြင်းနှင့် ဘုရားပန်းအိုး၊ ကားတာယာအဟောင်းများ၊ စွန့်ပစ်အမှိုက်များရှိ ခွက်များ၊ ပုံးခွံများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းမှ အသိပညာပေး ပြောကြားပြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများကိုလည်း အပတ်စဥ် စနေနေ့တိုင်း ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)