မြောင်းမြ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြ မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈) ခရိုင်အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က Happy ဖူဆယ်ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်အားပေး ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းသားများက အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အားကစားသမားများအား အသင်းလိုက်လိုက်လံနှုတ်ဆက်ခြင်းနှင့် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ သည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း (၈) သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ပထမပွဲစဉ်အဖြစ် ကျုံပျော်ခရိုင်လက်ရွေးစင်အသင်းနှင့် မအူပင်ခရိုင်လက်ရွေးစင်အသင်းတို့ ယှဉ် ပြိုင်ကစားခဲ့ကြရာ မအူပင်ခရိုင်လက်ရွေးအသင်းက (၈း၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)