မြောင်းမြ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့တွင် အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၊ မြကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (မွေးမြူရေး) ဒေါက်တာအောင်ကြီးက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်းထူးချွန်ဆုရရှိခဲ့သူများ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)