ပခုက္ကူမြို့၌ ကျောင်းကျန်းမာရေးနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူ ဇွန် ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့နံနက်၉နာရီအချိန်က ကျောင်းကျန်းမာရေးနှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းသူရမြင့်က မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့်နောက်ဆက်တွဲဆိုးကျိုးများ၊ ဆေးနှင့်ဆေးရွက်ကြီးအန္တရာယ်များ၊ မြို့နယ်ကျန်းမာရေးမှူး ဦးဆန်းမင်းအောင်ကနားနှင့်နာရွက်အကြောင်း၊ နားကျန်းမာရေးဆိုင်ရာ စနစ်တကျထိန်းသိမ်းရေးနည်းလမ်းများ၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ် ဥပဒေအရာရှိ ဒေါ်ထက်အိခိုင်က လူကုန်ကူးမှုအန္တရာယ်၊ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး နည်းလမ်းများနှင့်ဥပဒေများ၊ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်အောင်က တိုင်းရင်းဆေးပညာအကြောင်း၊ တိုင်းရင်းဆေးပညာဖြင့် ဆေးဝါးကုသပေးနေမှုအကြောင်းအရာများ၊ တိုင်းရင်းဆေးအမျိုးအမည်များနှင့် ကျန်းမာရေးဆိုင်ရာအသုံးပြုနိုင်မည့်နည်းလမ်းများအကြောင်းတို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးကြသည်။

အဆိုပါဟောပြောပွဲတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဦးဆန်းလင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)