မြောင်းမြမြို့၌ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

မြောင်းမြ ဇွန် ၂၃

မြောင်းမြမြို့၌ သူနာပြုသင်တန်းကျောင်း အပတ်စဥ် (၄) သူနာပြု -သားဖွားဒီပလိုမာ (၃) နှစ်သင်တန်းတွင် တက်ရောက်​နေသည့် သင်တန်းသား/ သူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ​သူနာပြုသင်တန်းကျောင်း၊ ဒေါ်ခင်ကြည်ခန်းမ၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ သူနာပြုသားဖွားသင်တန်းသား/သူများက “ဂရုဏာအလင်း” သီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကအဖွင့်အမှာစကားပြောကြားရာတွင် နာသုံးနာကိုအခြေခံ၍ အခြားသူများ၏ ကျန်းမာရေးကို စောင့်ရှောက်နေမှူများ၊ သူနာပြုသစ္စာဓိဌာန်အချက်များနှင့်လိုက်ဖက်ကိုက်ညီသည့်အတွက် ဂုဏ်ယူရပါကြောင်း၊ ထို့အတွက် ဂုဏ်ယူစွာလာရောက်အားပေးခဲ့ရပါကြောင်းနှင့် ပြည်သူအားလုံး၏ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ဒီထက်မက ပိုမိုဆောင်ရွက်ပေးနိုင်ကြပါစေကြောင်း ပြောကြားခဲ့သည်။

ယင်းနာက် ပထမနှစ် သူနာပြု - သားဖွားဒီပလိုမာသင်တန်းသား/သူ (၅၀) ဦးတို့အား  ဂျူတီကုတ်နှင့် ဦးဆောင်းများကို သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်နော်ကပေါရှီးနှင့် တာဝန်ရှိသူများကအပ်နှင်းခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေားရာ နာယက ဒေါ်ကြည်ကြည်ထွန်းတို့က သူနာပြု-သားဖွား ဒီပလိုမာ သင်တန်းပညာရည်ချွန်ဆု ရရှိသူများအား ဆုများ ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းကျောင်းအတွက် ငွေကျပ်(၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

သင်တန်းသား/သူများက သူနာပြုသစ္စာအဓိဌာန်အား ရွတ်ဆိုဂါရဝပြုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်ပြန်/ဆက်