စလင်း ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားရုံအတွင်း၌ ယမန်နေ့နေ့လယ် (၂) နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်ထွန်းက အဖွင့်အမှစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စလင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးအေးလင်းက မူးယစ်ကင်းစင် ဒို့ကျောင်းတစ်ခွင်ခေါင်းစဥ်ဖြင့် မူးယစ်ဆေးဝါး၏အဓိပ္ပါယ်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒုမြို့နယ်ဥပဒေအရာရှိ ဦးသက်လင်းဦးက ဥပဒေနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဒုရဲအုပ် သန္တာအောင်မှ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့်ဆိုးကျိုးအန္တရာယ်များ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ ယာဥ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ဇင်မင်းထိုက်က ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူလူငယ်များအား ရှင်းလင်းပြောကြား၍ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန် အထူးသတိပေးပြည့်စုံစွာ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသားလူငယ်များက ကြည့်ရှုလေ့လာကြပြီး ခင်းကျင်းပြသထားသည့် သုတ၊ ရသ၊ စာအုပ်များ ဖတ်ရှုလေ့လာမှတ်သား၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များကိုဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူလူငယ်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
(မောင်လွင်)စလင်း