မောက်မယ် ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ပန်းခင်း(၃)စီမံချက်အရ လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းမှစ၍ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)စျေးတန်းကျောင်း၌ ကွင်းဆင်း၍ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အ.လ.က(ခွဲ)စျေးတန်းမှ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ကျောင်းအုပ်ဆရာမကြီးနှင့်ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ၁၀နှစ်နှင့်အထက်၊ ၁၈နှစ်ပြည့်၊ ပျောက်/ပျက်မိတ္တူနှင့် လဲလှယ်မှတ်ပုံတင်ကတ်ပြားများ လူ ၁၀၀ ဦးခန့် ရှေ့ပြေးပုံစံနှင့် နိုင်−၂ပုံစံများ ကောက်ယူပြီး လက်ဗွေနှိပ်ယူခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ကာ ရပ်ကွက်အတွင်းရှိ ကျောင်းများသို့ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများကိုလည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးငွေထွန်းထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)