ရန်ကုန် ဇွန် ၂၃
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲနှင့် ၂ဝ၂၄-၂ဝ၂၅ ပညာသင်ကြားရေး ပံ့ပိုးကူညီထောက်ပံ့ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးအောင်လွင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲနှင့် ၂ဝ၂၄-၂ဝ၂၅ ပညာသင်ကြားရေး ပံ့ပိုးကူညီထောက်ပံ့ပွဲ ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများက ၂ဝ၂၃/၂၀၂၄ ပညာရည်ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းတက်ရောက်လာသော အလှူရှင်များအား ကျေးဇူးတင်ဂုဏ်ပြုလွှာပေးအပ်ခြင်းများ ဆောင်ရွက်ပြီး အလှူရှင်များက ရုပ်ရှင်အစည်းအရုံးဝင်များ၏ သား၊ သမီးများကို ကျောင်းသုံးပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် ပညာရည်ထူးချွန်ဆုချီးမြှင့်ပွဲနှင့် ၂ဝ၂၄-၂ဝ၂၅ ပညာသင်ကြားရေး ပံ့ပိုးကူညီထောက်ပံ့ပွဲတွင် အလွှာပေါင်းစုံမှ အစည်းအရုံးဝင်မိသားစုများ၏ ကလေးငယ် ၁၇၈ဦးအတွက် ထောက်ပံ့ငွေနှင့် ကျောင်းသုံးပစ္စည်း(၁၀)မျိုးကို ပေးအပ်ထောက်ပံ့နိုင်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)