သထုံမြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးပြသခြင်းဆောင်ရွက်

သထုံ ဇွန် ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်းကို ယနေ့နံနက်က ထိန်ပင်ကျေးရွာတောင်သူတစ်ဦး၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်းကို ထိန်ပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၃၂)၊ ဦးပိုင်အမှတ်(၄၃)၌ပြုလုပ်ရာ ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးဇော်မြင့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်သင်းသင်းဆင့်၊ ခရိုင်ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနမှူး ဦးဇော်ဝင်းထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကာ ရှစ်တန်းသွား မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးရာ၌ ရရှိမည့်အကျိုးကျေးဇူးများ၊ လိုအပ်သည့် နည်းပညာ ပံ့ပိုးပေးနိုင်မှုများကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြသည်။

သထုံမြို့နယ်အတွင်း မိုးစပါးစိုက်ကာလ၌ တောင်သူများအဆင်ပြေစွာ စိုက်ပျိုးနိုင်ခြင်းဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် တောင်သူများ၏ လူမှုစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာစေနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သထုံမြို့နယ်အတွင်းရှိ တောင်သူ ၁၀၀ ဦးတို့ အတွက် မျိုးစေ့ချကိရိယာ (Seeder) ၁၀၀ ကို အခမဲ့ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်