ညောင်တုန်း ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းဆရာကြီး ဦးဇော်နိုင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးကျော်မျိုးထက်က မူးယစ်ဆေးဝါးသမိုင်းကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေး စတင်စွဲလန်းရသည့် အကြောင်းအရင်းများကိုလည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးစိုင်းခွန်ဆမ်က မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပြဒါန်းချက်ပါ ပြစ်မှုနှင့် ပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများနှင့် လူငယ်များအား မူးယစ်ဆေးဝါးသုံးစွဲသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ဆောင်ရန်၊ ရှောင်ရန်များစသည့် လူငယ်ရေးရာအသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသန်းလွင်နှင့် မြိုနယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သူသူစန်းတို့က ကြက်ခြေနီအကြောင်းသိကောင်းစရာများနှင့် လူကူန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း ဟောပြောခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးဓါတ်ပုံများနှင့် နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)