သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးဟော‌ပြောပွဲကျင်းပ

သထုံ ဇွန် ၂၂

မွန်ပြည်နယ်၊ သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့်တာဝန်ရှိသူများပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက ကျောင်းသားကျောင်းသူများ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။

အသိပညာပေး ဟောပြောရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှူး ဒေါ်ဖြူဖြူအေးက သဘာဝဘေးဖြစ်စဥ်အမျိုးမျိုးနှင့် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ သိကောင်းစရာများကို ဟောပြောဆွေးနွေးပြီး ခရိုင်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ တာဝန်ရှိသူတို့က သတိပြုရမည့် မိုးလေဝသဖြစ်စဉ်များ၊ ဘေးအန္တရာယ်ကျရောက်ပါက သိရှိနားလည်ထားရမည့် ရှေးဦးသူနာပြုစုခြင်းအကြောင်း သိကောင်းစရာများတို့ကို ဆွေးနွေးဟောပြော ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်