ကန်ကြီးထောင့် ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူငယ်လူရွယ်များ ဗလငါးတန်တိုးပွားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က ရွေး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က ရွေးကျောင်းအုပ်ဆရာကြီး ဦးသိန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သီတာဝင်းက လူငယ်စကား ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါစကားဝိုင်းတွင် ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က ရွေးမှ အထက်တန်းပြဆရာ ဦးဇေယျာမောင်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ဒွါဒသမတန်းမှ မောင်ကောင်းထက်ဝေက စာအုပ်စာပေလူ့မိတ်ဆွေခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒွါဒသမတန်းမှ မောင်ဂျူးကိုကိုမောင်က လူငယ်နှင့် လုံးလဝီရိယ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒွါဒသမတန်းမှ မဟေမာန်မြင့်က လူငယ်နှင့်မျိုးချစ်စိတ်ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဒွါဒသမတန်းမှ မစုမြတ်မွန်က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း စသည်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး ရပ်မိ/ရပ်ဖ ဦးသိန်းဝင်းကလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် ရွေးကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီး အကဲများ၊ တာဝန်ရှိသူများ၊ ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က ရွေးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)