ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တက္ကသိုလ်များနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့မှ ဆရာ၊ ဆရာများနှင့်တွေ့ဆုံ

စစ်တွေ ဇွန် ၂၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်၌ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့်ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာများနှင့်တွေ့ဆုံပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)၌ နည်းပညာတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှူးနှင့် ဆရာ၊ ဆရာမများ၊ အစိုးရနည်းပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာများနှင့်တွေ့ဆုံသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံကြသည်။ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်အကြီးအကဲက တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို အားနည်းမှုမရှိစေရေးနှင့် ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများကို သက်ဆိုင်ရာဒေသများမှ တတ်နိုင်သလောက် ကူညီစောင့်ရှောက်ပေးရန်၊  တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း ပညာရေးကိုမထိခိုက်စေရေးအတွက် စာသင်ကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေး၊ ကျောင်းတက်ရောက်မှု ရာခိုင်နှုန်းမြင့်တက်စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ပညာရည်မြှင့်တင်ရေးတို့ကို ဝိုင်းဝန်းအားပေးဆောင်ရွက်ရန် မှာကြားထားကြောင်း၊ ထိုသို့မှာကြားခြင်းသည် နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေးကို အလေးထားဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများ များစွာရှိခဲ့သော်လည်း ရက်တိုတိုအတွင်း ကျောင်းများဖွင့်လှစ်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပညာရေးထိခိုက်မှုမရှိစေရေး၊ ဆရာ၊ ဆရာမများ၏ သက်သာ ချောင်ချိရေးတို့အတွက် မိမိတို့ပြည်နယ်အစိုးရအဖွဲ့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများ အနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ကျောင်းတက်ရောက်ရန် လာရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် အဆက်အသွယ်ရယူကာ လိုအပ်ချက်များကို အစိုးရအဖွဲ့အနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ တက္ကသိုလ်၊ ကောလိပ်များသို့ ကျောင်းသား၊ ကျောင်းသူများ လာရောက်ပညာ သင်ကြားနိုင်ရေးဆောင်ရွက်ပေးမည့်အစီအမံများ၊ စက်သုံးဆီများဖြန့်ဖြူးရောင်းချပေးနေမှု၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးနေမှုနှင့် ဆက်လက်ထောက်ပံ့ပေးမည့် အစီအမံများ၊ ဆက်သွယ်ရေးစနစ်ကောင်းမွန်ရေးအတွက် ဆောင်ရွက်ပေးနေမှုနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားကြပြီး တက္ကသိုလ်ပါမောက္ခချုပ်က ကျောင်းသား၊ကျောင်းသူများ ကျောင်းတက်ရောက်ပညာသင်ကြားနေမှုနှင့် ကျောင်းတက်ရောက်ရန် လာရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆက်သွယ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ပေးပြီး တက္ကသိုလ်စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုကာ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ တက္ကသိုလ်ဝင်း အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ) သို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုအား တွေ့ဆုံအားပေးစကားပြောကြားပြီး ကျောင်းစာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသားကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုကို လှည့်လည်ကြည့်ရှုကာ အားပေးစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစည်းအဝေးခန်းမ၌ နည်းပညာတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှူးနှင့် ဆရာ၊ ဆရာမများ၊ အစိုးရနည်းပညာအထက်တန်းကျောင်း(စစ်တွေ)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်အကြီးအကဲအနေဖြင့် ပညာရေးကိုများစွာ အလေးထားကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ရန်ပုံငွေခွဲဝေချထားရာတွင်လည်း ပညာရေးနှင့် ကျန်းမာရေးအတွက် အဓိကဦးစားပေး ခွဲဝေပေးလျက်ရှိကြောင်း၊ ပညာရေးသည် နိုင်ငံတစ်ခုအတွက် အလွန်အရေးကြီးသည့် ရင်းနှီးမြှုပ်နှံ ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ရှေးရေးအတွက် ထူးချွန်ထက်မြက်သည့် မျိုးဆက် သစ်လူငယ်များပေါ်ထွန်းလာရန်လိုအပ်ကြောင်း၊ ထိုသို့ပေါ် ထွန်းလာရန်အတွက် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် များစွာအရေးကြီးကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရန်၊ အသိဉာဏ်များပွင့်လင်းသွားစေရန်၊ လမ်းမှားမရောက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဘဝကောင်းအောင် ဆရာ၊ ဆရာမများကဆောင်ရွက်ပေးမှသာ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာမည်ဖြစ်ကြောင်း၊ သို့မှာသာ တိုင်းပြည်၏ အကျိုး၊ ပြည်နယ်၏အကျိုးကို ထမ်းရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ဆရာ၊ ဆရာမများကလည်း ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးစားသင်ကြားပေးကြရန်ပြောကြားသည်။

ထို့နောက် နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(ကိုယ်စား) သင်တန်းရေးရာဌာနမှူးနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးတို့က ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုနှင့် ကျောင်းအတွက်လိုအပ်ချက်များကိုတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိမိတို့ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအမံများကို ရှင်းလင်းတင်ပြကြ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)