မိုးနဲ ဇွန် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်နေရာ၌ ယနေ့နံနက် ၈ နာရီခွဲ အချိန်ကစတင်ကာ အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိရာ ပင်စင်ထုတ်ယူသူများမှ အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ပင်စင်လစာငွေများကို လစဥ် နိုင်ငံ့ဝန်ထမ်းလစာငွေများမထုတ်ပေးမီ ၂၁ ရက်နေ့နှင့်နောက်ပိုင်း ရုံးပိတ်ရက်မှအပ ရုံးဖွင့်ရက်များ၌ စတင်ထုတ်ပေးလျက်ရှိကြောင်း၊ ထုတ်ယူသူများ လွယ်ကူလျင်မြန်စွာထုတ်ယူနိုင်ရေး ဘဏ်တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိုးနဲမြို့နယ်တွင် ထုတ်ပေးလျက်ရှိသည့် ပင်စင်အမျိုးအစား ၄ မျိုးရှိကြောင်း၊ နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီခွဲအချိန်ထိ လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်ထုတ်ယူသူ စုစုပေါင်း တစ်မြို့နယ်လုံးအနေဖြင့် ၃၅၂ ဦးရှိကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။
ဆက်လက်၍ ပင်စင်ထုတ်ယူသူများအနေဖြင့် ပင်စင်လာရောက်ထုတ်ယူရာတွင် ဘဏ်မှထုတ်ပေးထားသော ထုတ်ယူခွင့်ကတ်ပြားများကို ယူဆောင်လာကြရမည်ဖြစ်ပြီး ပင်စင်ငွေများကို ၆ လအထိ စုဆောင်းခွင့်ပြုပေးထားကြောင်း၊ ထုတ်ယူခွင့်ကတ်ပြားများ ပျက်စီးဆုံးရှုံးသွားပါက ဘဏ်သို့အကြောင်းကြား၍ ယာယီထုတ်ယူခွင့်ကတ်ပြားဖြင့် ထုတ်ယူနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ထုတ်ယူသူများ လာရောက်ရာတွင် အခက်အခဲရှိပါက ကိုယ်စားလှယ်လွှဲစာဖြင့် ထုတ်ယူခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)