မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) နှစ်ပတ်လည်အစည်းအဝေးနှင့် အမျိုးသမီးရေးရာအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

မန္တလေး ဇွန် ၂၁

မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)၏ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲနှင့် အမျိုးသမီးရေးရာအဖွဲ့၏ အကြိမ်(၂၀)မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၂၄ လမ်း၊ ၆၄/၆၅ လမ်းကြားရှိ တိုင်းဒေသကြီးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တို့၏ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်မမ တက်ရောက်အားပေးသည်။

အခမ်းအနားသို့ နာယကအဖွဲ့ဝင်များဖြစ်ကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ ဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းနှင့် အလုပ်အမှုဆောင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်‌မှုကြီးကြပ်ရေးအဖွဲ့နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ရှေးဦးစွာ နံနက်ပိုင်းတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို ကျင်းပရာ တိုင်းဒေသကြီးဥက္ကဋ္ဌ ဒေါ်မီမီစိုးက အမှာစကားပြောကြားပြီး အစည်းအဝေးက ချမှတ်လိုက်သော ရှေ့လုပ်ငန်းစဉ်များ၊ ဆောင်ရွက်ရမည့်တာဝန်များကို ရှင်းလင်းပြာကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့် နာယကအဖွဲ့ဝင်များ၊ ဥက္ကဋ္ဌတို့က ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များအား တစ်ခရိုင်လျှင် ကျပ်(၂)သိန်းနှုန်း ထောက်ပံ့ပေးအပ်ကြသည်။

ထို့နောက် အကြိမ်(၂၀)မြောက် အမျိုးသမီးရေးရာအဖွဲ့ချုပ် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို မွန်းလွဲတစ်နာရီတွင် ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးက အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြသည်။

၎င်းနောက် ကျောက်ဆည်မြို့နယ်၊ ကြောင်ပန်းကုန်း စီမံချက်ရွာအတွက် ဗလာစာအုပ်များကို နာယကက ပေးအပ်လှူဒါန်းရာ ကျောက်ဆည်ခရိုင်နှင့် မြို့နယ်ဥက္ကဋ္ဌတို့က လက်ခံရယူသည်။

ဆက်လက်၍ ခရိုင်များက အဖွဲ့ဝင်အဆိုပြုလွှာများ ပေးအပ်ခြင်းခရိုင်များသို့ လက်ကမ်းစာစောင်များပေးအပ်ခြင်းများ ဆောင်ရွက်ကြပြီး အခမ်းအနားအပြီးတွင် နာယက၊ နာယကအဖွဲ့ဝင်များသည် တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ ခရိုင်/ မြို့နယ်ဥက္ကဋ္ဌများနှင့် အမှတ်တရစုပေါင်း ဓါတ်ပုံရိုက်ကူးကြကြောင်း သတင်းရရှိသည်။

မြင့်မော်ထွန်း