သထုံ ဇွန် ၂၁
စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သထုံ)တွင် ပညာသင်ကြားနေကြပြီး အကြောင်းအမျိုးမျိုးကြောင့် မိမိတို့နေရပ်သို့ပြန်ရန် ခက်ခဲနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄ ခုနှစ်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ပညာသင်စရိတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ ၄ နာရီအချိန်ခန့်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က နေရပ်ပြန်ရန်အခက်အခဲဖြစ်နေသည့် ကျောင်းသား၊ ကျောင်းသူများကို ယခုပညာသင်နှစ်၌ ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများပူးပေါင်းကာ ပညာသင်စရိတ်၊ နေထိုင်စားသောက်ရေးစရိတ်တို့ကို ပညာသင်နှစ်ပြီးဆုံးသည့်ကာလအထိ အဆင်ပြေနိုင်စေရေးအတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားကာ ထူးချွန်အောင်မြင်အောင် ကြိုးစားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က နေရပ်ပြန်ရန်ခက်ခဲသည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကျောင်းသား ၁ ဦးနှင့် ရခိုင်ပြည်နယ်အတွင်းမှ ကျောင်းသား၊ ကျောင်သူ ၃၁ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၃၂ ဦးတို့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီမံထောက်ပံ့သည့် ငွေကျပ် စုစုပေါင်း ၁၀၈၄၅၀၀၀ ကျပ်အား ပေးအပ်ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သထုံ) ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ထွေးနှင့် ကျောင်းသား၊ ကျောင်းသူတို့မှ လက်ခံရယူပြီး ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)