မိတ္ထီလာ ၊ ဇွန် ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာမြို့) မှ အလုပ်အကိုင်အခွင့် အလမ်းများရရှိပြီး တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်လာစေရန် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းများ စဉ်ဆက်မပျက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာမြို့) မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိစေရန်၊ တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ပေါ်ထွက်လာစေရန်၊ သွင်းကုန်အစားထိုး ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်စေရန်၊ အသေးစား ၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်း (၁) ကြိမ်၊ လူသုံးကုန်သင်တန်း(၁)ကြိမ်၊ စားသောက်ကုန်သင်တန်း (၁) ကြိမ်၊ သဘာဝဆိုးဆေးသင်တန်း (၁) ကြိမ် စုစုပေါင်း(၄) ကြိမ်ဖွင့်လှစ်ရန် လျာထားရာမှာ အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်သင်ကြား လျက်ရှိ ကြောင်း သိရသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာမြို့) မှ မြို့နယ်အတွင်း၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ) မှ ကျေးရွာ (၂) ရွာမှာ စီမံကိန်းနှစ်ခုကို ဆောင်ရွက်ခဲ့ပါတယ်။ ထိုစီမံကိန်းနှစ်ခုမှ လုပ်ငန်းထူထောင်သူ ၁၀ ဦးပေါ် ထွက်လာခဲ့ပြီး လုပ်ငန်းမှတ်ပုံတင်ရရှိအောင်လည်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အိုင်ကြီးလည်အုပ်စု၊ အိုင်ကြီးလည်ကျေးရွာမှာ အမျိုးသမီးများ ဝင်ငွေတိုးရေးဆောင်ရွက် မည့်လုပ်ငန်းအဖြစ် အခြေခံစက်ချုပ်သင်တန်း (၁) လနှင့် အဆင့်မြင့် မွမ်းမံစက်ချုပ်သင်တန်း (၁၅) ရက် ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစီမံကိန်းအတွက် ကျပ်သိန်း (၁၂၀) အကုန်အကျခံဆောင်ရွက်မှာဖြစ်ပြီး သင်တန်းသား (၁၅) ဦးပါဝင်မှာဖြစ်ပါတယ်။ စီမံကိန်းပြီးဆုံးတဲ့အခါမှာ ထူးချွန်ပြီး လုပ်ငန်းလုပ်ကိုင်ရန် ဆန္ဒရှိသူသင်တန်းသား (၅) ဦးကို ရွေးချယ်ပြီးတစ်ဦးလျင်ကျပ် (၁၂) သိန်းနှင့်ညီမျှတဲ့ လုပ်ငန်းသုံးပစ္စည်းများ (အပ်ချုပ်စက်၊ ဘီတင်စက်၊ ကင်းချီစက်၊ မီးပူ၊ မီးပူတိုက်ခုံ တို့ကို ပေးအပ်ပြီး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်စေမှာဖြစ်သလို လုပ်ငန်းမှတ်ပုံတင်ရရှိအောင်လည်း ဌာနအနေနဲ့ အခမဲ့ကူညီပေးသွားမှာဖြစ်ပါကြောင်း ကျောင်းအုပ်ဒေါ်ခင်စန်းတင်က ပြောကြားခဲ့သည်။
သိန်းမြင့်ကျော် (မိတ္ထီလာ)