ထားဝယ်မြို့တွင် ရာသီဥတုအညွှန်းကိန်း သီးနှံအာမခံလုပ်ငန်း အသိပညာပေးဆွေးနွေး

ထားဝယ် ဇွန် ၂

တနင်္သာရီတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမည့် တောင်သူများအား ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလုပ်ငန်း ပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာ ဦးကြည်ဝင်း က ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးမှုနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး မြန်မာ့အာမခံလုပ်ငန်းတိုင်းဒေသကြီး တာဝန်ခံဒေါ်တင်တင်လှက သီးနှံအာမခံလုပ်ငန်းအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး ၂၀၂၄ ခုနှစ် မိုးစပါးချေးငွေထုတ်ချေးသည့် တောင်သူများအား ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်(၆)မြို့နယ်ရှိ တောင်သူ (၁၆၉၄) ဦးသို့ မိုးစပါး စိုက်ဧက(၁၀၈၆၀) ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း(၁၆၂၉.၀၀) ထုတ်ချေးပြီးစီးမှုအပေါ် သီးနှံအာမခံအပြည့်အဝထားရှိခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)