မြဝတီ ဇွန် ၂၁
ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်လူသားလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ Pathumthani Welfare Protection Center For Victims of Trafficking in Persons တွင် လက်ခံစောင့်ရှောက်ထားသူများအနက် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စိစစ်အတည်ပြုချက်ရရှိပြီး ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ တရားရုံး၌ သက်သေထွက်ဆိုပြီးသော လူကုန်ကူးခံရသူ အမျိုးသား (၂) ဦးအား မြဝတီ-မဲဆောက်လမ်းကြောင်း မဲဆောက်မြို့ရှိ တပ်(ခ်)ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန အစည်းအဝေးခန်းမတွင် ဇွန် ၁၉ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ၊ ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာသို့ လွှဲပြောင်းပေးအပ်သည်။
လွှဲပြောင်းပေးအပ်ရာတွင် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာနမှ Miss. Jiraporn Khumput ဦးဆောင်သော သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများမှ အဆိုပါ အမျိုးသား (၂)ဦးအား မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန (ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်နွယ်ရီ၊ အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မြဝတီ)မှ ဒုတိယရဲမှူး သက်ဇော်ထွန်း၊ လူဝင်မှု ကြီးကြပ်ရေး ဒုတိယဌာနခွဲမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးသီဟမောင် ရွှေရောင်ဘုန်းတို့က လွှဲပြောင်းလက်ခံမှုကို ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ပြန်လည်လွှဲပြောင်းလက်ခံထားသည့် အမျိုးသား (၂) ဦးအား မြဝတီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဖွဲ့ဝင်များက ကြိုဆိုအားပေးစကား ပြောကြားပေးပြီး မြဝတီမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန (ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာ)တွင် ခေတ္တစောင့်ရှောက်ထားရှိကာ ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)