မတ္တရာမြို့နယ်၌ လျှပ်စစ်ဓာတ်အားသုံးစွဲခများ ပိတ်ရက်မရှိ ပေးဆောင်နိုင်

မတ္တရာ ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းနေထိုင်လျက်ရှိသော လျှပ်စစ်ဓာတ်အားသုံးစွဲနေသည့် ပြည်သူများအနေဖြင့် ဓာတ်အားသုံးစွဲခများကို သတ်မှတ်ရက်များအတိုင်းပေးဆောင်ကြရန်၊ ပေးဆောင်ခြင်းပျက်ကွက်ခဲ့ပါက လျှပ်စစ်ဓာတ်အားဖြတ်တောက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့တွင် မြို့နယ်လျှပ်စစ်မန်နေဂျာထံမှ သိရှိရသည်။

မတ္တရာမြို့နယ်အတွင်းရှိ ဓာတ်အားသုံးစွဲသူများအနေဖြင့် ဓာတ်အားပေးဆောင်နိုင်ရန် နောက်ဆုံးသတ်မှတ်ရက်များဖြစ်သော လစဉ် ၁၇ ရက်၊ ၁၉ ရက်၊ ၂၁ ရက်၊ ၂၃ ရက်နှင့် ၂၅ ရက်တို့ သတ်မှတ်ထားပြီး ရုံးပိတ်ရက်များမှလွဲ၍ ကျန်ရက်များတွင်ပိတ်ရက်မရှိ ကောင်တာနှစ်ခုထား၍ လျှပ်စစ်ဓာတ်အားခများကို ဝန်ထမ်းများက လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လျှပ်စစ်သုံးစွဲသော ပြည်သူများအနေဖြင့် မအားလပ်သည်ဖြစ်စေ၊ အချိန်မပေးနိုင်သည်ဖြစ်စေ အွန်လိုင်းဝန်ဆောင်မှုများဖြစ်သည့် Wave Money, City Pay, Mytel Pay, Nature Link Pay, MAB Bank  တို့ဖြင့် ပေးဆောင်လိုလျှင် သတ်မှတ်ရက်မတိုင်မှီ တစ်ရက်ကြိုတင်၍လျှပ်စစ်ဓာတ်အားခများကို ပေးဆောင်နိုင်ကြောင်း သိရှိရသည်။

ချမ်းမြေ့မောင်