မော်လမြိုင် ဇွန် ၂၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော “ဟိုတယ်အခြေခံ ဧည့်ကြို သင်တန်း” (၁/၂ဝ၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အစိုးရနည်းပညာ အထက်တန်း ကျောင်း (မော်လမြိုင်) ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနရဲ့ ရည်ရွယ်ချက်များအနက် တစ်ခုဖြစ်သည့် “ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ အတတ်ပညာများ တိုးတက်ထွန်းကားစေ၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးပွား လာစေရန်” ဆိုတဲ့ ရည်ရွယ်ချက်အရ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအား စနစ်ကျသည့် ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရန်အတွက် မော်လမြိုင်အစိုးရနည်းပညာအထက်တန်းကျောင်းနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဟိုတယ်အခြေခံ ဧည့်ကြိုသင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ် ခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ်သည် တောတောင်ရေမြေ သဘာဝအခြေခံအရင်းအမြစ်များ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝသည့် ဒေသတစ်ခုဖြစ်ရုံသာမက စိတ်ဝင်စား ဖွယ်ရာကောင်းသည့် မွန်လူမျိုးတို့၏ ရိုးရာလူနေမှုဓလေ့စရိုက်ထုံးစံများ၊ တူရိယာ၊ ရိုးရာလက်မှု လုပ်ငန်းများ၊ စေတီပုထိုးများ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများ၊ ထင်ရှားကျော်ကြားသော ကမ်းခြေနေရာများ၊ ရှားပါးတိရစ္ဆာန်များ အစရှိသဖြင့် ပြည်တွင်းခရီးသွား ဧည့်သည်များနှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အခြေအနေကောင်းများစွာဖြင့် ပြည့်စုံနေသော ခရီးစဉ်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် မေလအထိ ပြည်တွင်း/ပြည်ပ ဧည့်သည် (၈၈၇၃၆၇)ဦး လာရောက်ခဲ့ပြီး ဧည့်သည်ဝင်ရောက်မှု တိုးတက်လာသည်နှင့်အမျှ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများလည်း တိုးတက်များပြားလာခဲ့ရာ ဝန်ဆောင်မှုပေးမည့် အရည်အချင်း ပြည့်မီသည့် ဝန်ထမ်းများလည်း လိုအပ်လျက်ရှိကြောင်း၊ ယနေ့ “ဟိုတယ်အခြေခံဧည့်ကြို သင်တန်း” ဖွင့်ပွဲကို မော်လမြိုင်မြို့ရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများမှ ဝန်ထမ်းများနှင့် ပြင်ပမှသင်တန်းသား စုစုပေါင်း(၂၅)ဦးဖြင့် ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် သင်တန်းမှရရှိမည့် အခြေခံလုပ်ငန်းဆိုင်ရာ နည်းစနစ်များ၊ စည်းကမ်းနှင့် ဗဟုသုတများကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းကျွမ်းကျင်မှု စွမ်းရည်တိုးတက်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြ သည်။ အဆိုပါ ဟိုတယ်အခြေခံ ဧည့်ကြိုသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၂၅)ဦးဖြင့် သင်တန်းကာလ(၂)ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)