၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကျင်းပ

ရမည်းသင်း ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၄ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ကျောင်းပေါင်းစုံ အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ဇွန်(၂၀)ရက် နံနက်(၉)နာရီအချိန်က ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့ကို ကျင်းပခြင်းဖြင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးအန္တရာယ်ကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်သိရှိကာ ပြည်သူများနှင့် အတူ ပူးပေါင်း တိုက်ဖျက်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်နိုင်ရေးကို ရှင်းလင်း ပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်ရေး၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရန်နှင့် မူးယစ်ဟူသမျှ ဆန့်ကျင်ကာ တိုင်းပြည်ရဲ့အနာဂတ်သားကောင်းရတနာများဖြစ်လာစေရေး ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရမည်းသင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် အလယ်တန်းကျောင်းခွဲတို့မှ စာစီစာကုံးပြိုင်ပွဲ ကျောင်းသား၊ ကျောင်းသူ (၄၃)ဦး၊ ပန်းချီပြိုင်ပွဲ (၃၀)ဦးနှင့် ကျပန်းစကားပြောပြိုင်ပွဲ (၂၀)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဇွန်၂၆ ရက်နေ့၌ ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အခမ်းအနားတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းအတွင်း အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် နံရံကပ်ပြပွဲနှင့် စာအုပ်စာစောင်များကို ပြသ ထားရာ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်စားစွာကြည့်ရှုလေ့လာ မှတ်သားကြကြောင်း သတင်းရရှိသည်။ 

ခရိုင် (ပြန်/ဆက်)