ကျောက်ဖြူ ဇွန် ၂၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးလှုံ့ဆော်ရေး ပိုစတာ Bill Board စိုက်ထူပွဲကို ယမန်နေ့ နံနက်ပိုင်းက လူသွားလူလာများပြီး လူစည်ကားရာနေရာဖြစ်သည့် အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်အနီးမြေနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးနေမင်းသူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကြည်ဦးတို့က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ခရီးသွားပြည်သူများ၊ ဈေးသွားဈေးပြန်များနှင့် အငှားယာဉ်မောင်းနှင်နေသူများအား အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိကောက်ယူမည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ပေးနိုင်ရန်အတွက် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ခရိုင်၊ ပြန်/ဆက်)