ကွန်ဟိန်း ဇွန် ၂၀
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံရရှိရေးနှင့် အခွန်ထမ်းများ အခွန်ဆိုင်ရာတည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ကွန်ဟိန်းမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်ဇင်ဦးက မြို့နယ်အတွင်းရှိ အခွန်ထမ်းပြည်သူများ အခွန်အမျိုးအစားအလိုက် အခွန်ပေးဆောင်မှုအခြေအနေများနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းများ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် အခွန်ထမ်းပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ အခွန်ဦးစီးမှူးက ပြန်လည်ပြောကြားဆွေးနွေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်အတွင်းရှိ အခွန်ထမ်းလုပ်ငန်းရှင်များအား ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်အကြောင်းသိကောင်းစရာများ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး