သုံးခွမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

သုံးခွ ဇွန် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက ကျောင်းသစ်ကျောင်း လောကမာရဇိန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးမြရွှေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့်စာပေများကို လေ့လာဖတ်ရှုစေလိုကြောင်း၊ စာ​ပေဖတ်ရူခြင်းကြောင့် အတွေးအခေါ်များ မြင့်မားလာပြီး အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖြင့် ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်နှင့် မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့သည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမော်က စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ရှိ/မရှိ အကြောင်းအရာများ၊ မြန်မာဘာသာဖြင့် ရေးသားထားသော အစားအစားများကို သာစားသုံးရန်နှင့် စားသုံးသူအခွင့်အရေး (၈)ချက်အကြောင်းအရာများကို ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးခုပ်စွမ်းခိုင်က ယှဥ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစား စသည့် အားကစားအကြောင်း သိကောင်းစရာများနှင့် လူငယ်နှင့်ယဥ်ကျေးမှု ခေါင်းစဥ်ဖြင့် ဆွေးနွေးရာ ယဥ်ကျေးမှု၏အဓိပ္ပါယ်ကို မြန်မာအဘိဓာန်တွင် သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊ အစဥ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်းဟူ၍ဖြစ်ပါကြောင်း၊ ယဥ်ကျေးမှုကိုရုပ်ပိုင်းဆိုင်ရာ ယဥ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာယဥ်ကျေးမှုဟူ၍ နှစ်မျိုးရှိပါကြောင်း စသည့်ဖြင့် ပြောကြားခဲ့သည်။

ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊  ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်၊၊

စည်သူလင်း (ပြန်/ဆက်)