ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်၊ စာအုပ်စာစောင်နှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ထား၀ယ် ဇွန် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့ တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲတွင် တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်နုက မူးယစ်ဆေးဝါးတရားမဝင်ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုနှင့်သုံးစွဲမှုများသည်  လူသားများကျန်းမာရေး၊ အေးချမ်းစွာနေထိုင်မှုကို ဆိုးရွားစွာခြိမ်းခြောက်လျက်ရှိပြီး လူအဖွဲ့အစည်း၏စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့်နိုင်ငံရေးအခြေခံအုတ်မြစ်များကို လှိုက်စားလာကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ ကြိုတင်ကာကွယ်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် မူးယစ်ဆေးစွဲရောဂါ၏ နောက်ဆက်တွဲရောဂါများလျှော့ချနိုင်ရေး၊ လူမှုဘဝမြှင့်တင်ရေးစသောလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့်ဆုရရှိခြင်းအား ပဓာနမထားပဲ ပါဝင်ယှဉ်ပြိုင်ခြင်းသည်သာအဓိကဖြစ်သောကြောင့် ဌာနအနေဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ထို့နောက် အခြေခံပညာကျောင်းပေါင်းစုံမှ အလယ်တန်းအဆင့်ကျောင်းသား/သူများက မူးယစ်ကင်းစင်မြန်ပြည်တစ်ခွင်ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောယှဉ်ပြိုင်ကြရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဆောင်ရွက်ချက်များ၊ စာဖတ်စွမ်းရည်၊ စာအုပ်စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုအားပေး ခဲ့ကြသည်။

ဆက်လက်၍ ကျောင်းသား/သူများ၏ ကျပန်းစကားပြောရလဒ်များကို ဆရာမများက စိစစ်ရွေးချယ်အကဲဖြတ်အမှတ်ပေးခဲ့ကြပြီး (ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု)ရရှိသူများကို ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)