အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲကျင်းပ

ပုသိမ်ကြီး ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးနေမျိုးအောင်က မိမိတို့ဌာနအနေဖြင့် မြို့နယ်၊ ကျေးရွာများအရောက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမှုအပေါ် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူးဦးစန်းယုလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက အသီးသီးချီးမြှင့်ခဲ့ကြသည်။

အဆိုပါသင်တန်းအား ဇွန်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့ထိ သင်တန်းသူ ၂၀ ဦးဖြင့် ဖွင့်လှစ်ကာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းတွင် သရက်ပြား၊ သရက်တော်ဖီ၊ သင်္ဘောသီးယို၊ သရက်အနှစ်ဖျော်ရည်၊ မန်ကျည်းအနှစ်ဖျော်ရည်၊ မန်ကျည်းဆော့စ်နှင့် ဂျယ်လီတို့ကို စနစ်တကျထုတ်ပိုးသည်အထိ သင်ကြားပေးခဲ့ကာ သင်တန်းဆင်းလက်မှတ်များကိုလည်း ပေးအပ်ခဲ့သည်။ အခမ်းအနားအပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်